ကိုယ်ဝန်ဆောင်ချိန် ဝမ်းအမည်းရောင်တွေ သွားနေတဲ့ အကြောင်းအရင်း
ကိုယ်ဝန်ဆောင်ချိန်ဆိုတာက အမျိုးသမီးတိုင်းအတွက် အစစအရာရာ သတိထားရတဲ့ကာလ ဖြစ်သလို အရာရာကို အလွဲမခံနိုင်တဲ့ ကာလဆိုလည်း မမှားပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အနေအထိုင် အစားအသောက် အားလုံးကို ဂရုစိုက်ရသလို လိုအပ်တဲ့ ဖြည့်စွက်စာတွေကိုလည်း ပြည့်ဝအောင် သောက်သုံးကြရတာပေါ့။
အာဟာရလိုအပ်ချက် မရှိအောင် ဖြည့်ဆည်းသလို ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကိုလည်း မပြတ်တမ်း စောင့်ကြည့်နေရပါသေးတယ်။ အသားအရေ ပြောင်းလဲသလား? ဝမ်းချုပ်လား? ဝမ်းအရောင်ကရော ဘယ်လို အရောင်မျိုးလဲ? ဆိုတာတွေပေါ့။
ဒီတစ်ခေါက် ပြောပြချင်တာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ အခြေအနေ တစ်ရပ်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းအမည်းရောင် သွားတဲ့ ကိစ္စလေးပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအရောင်က အမည်းတွေ ဖြစ်နေတယ်ဆိုတာ ကျန်းမာရေး ပြဿနာ ရှိနေတာလားဆိုပြီး စိတ်ပူနေပြီဆိုရင်တော့ ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားတာ စိုးရိမ်ရမလား?
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားတာက ပုံမှန်အားဖြင့်ကတော့ ဖြစ်လေ့ ဖြစ်ထရှိတယ်ပဲ ဆိုရပါမယ်။ ဒါပေမယ့် အမြဲတမ်း စိတ်အေးထားရမယ့် အခြေအနေတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားတာက တစ်ခါတလေမှာတော့ စိုးရိမ်ဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားတာနဲ့အတူ ဗိုက်အောင့်တာ၊ အဖျားတက်တာ၊ ညီးစီစီဖြစ်တာ၊ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ ကျောက်ကပ်ကနာတာ၊ စိတ်ရှုပ်ထွေးပြီး အာရုံစူးစိုက်ရခက်တာတွေပါ ဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ အမြန်ဆုံး ပြကြည့်စေချင်ပါတယ်။
ဘာတွေကြောင့်များ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားရတာလဲဆိုတာကို ဆက်ကြည့်ပေးဦးနော်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားရတဲ့ အကြောင်းအရင်းတွေက
အခုလို အကြောင်းအရာတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားတာမျိုး ဖြစ်နိုင်ပါတယ်။
သောက်သုံးနေရတဲ့ ဆေးဝါးတွေ - ကိုယ်ဝန်ဆောင်ချိန်မှာ လေဆေးတွေလိုမျိုး ကိုယ်ဝန်ဆောင်ချိန် ရင်ပူတာကို သက်သာစေဖို့ သောက်ရတဲ့ ဆေးတွေကြောင့်လည်း ဝမ်းအမည်းရောင် သွားနိုင်ပါတယ်။
အစားအစာတွေ - အရောင်ရင့်တဲ့ အစားအစာတွေ၊ အနက်ရောင်ရှိတဲ့ အစားအစာတွေ၊ အပြာရောင် ရှိတဲ့ အစားအစာတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားတာကို ဖြစ်စေနိုင်ပါတယ်။
ဆိုးဆေးတွေ - အစားအစာတွေ နဲ့ ဆေးတွေထဲမှာပါတဲ့ ဆိုးဆေးတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။
သံဓာတ် အားဖြည့်ဆေးတွေ - ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်မိခင် သွေးအားနည်းတာကို ကာကွယ်ဖို့နဲ့ ကလေး ကြီးထွားမှုကို အားဖြည့်ပေးနိုင်ဖို့ သောက်သုံးကြတဲ့ သံဓာတ်အားဖြည့်ဆေးတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။
သွေးယိုစီးတာ - ကိုယ်ဝန်ဆောင်ချိန်မှာ အစာခြေစနစ်ထဲမှာ သွေးယိုစိမ့်တာ၊ အူထဲမှာ သွေးယိုစီးတာမျိုးတွေနဲ့ ပြင်းထန်တဲ့ GERD အခြေအနေကို ခံစားရတယ်ဆိုရင်လည်း ဝမ်းအမည်းရောင် သွားတာမျိုး ရှိနိုင်ပါတယ်။ ဒီအခြေအနေကတော့ ကုသမှုကို ချက်ချင်း ခံယူဖို့ လိုအပ်တဲ့ အခြေအနေပါ။
ကျန်းမာရေး အခြေအနေ - ဝမ်းအမည်းရောင် သွားတာက ကျန်းမာရေး ပြဿနာ တစ်ခုခုရှိနေတယ်ဆိုတာကို ဖော်ပြနေတာပါ။ ဝမ်းက အမည်းရောင်ဖြစ်မယ်။ အနံ့ကလည်း အရမ်းဆိုးမယ်ဆိုရင်တော့ ကိုယ်တွင်းမှာ သွေးယိုစီးတာမျိုး ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင် တတိယ(၃) လပတ်မှာ ဖြစ်မယ်ဆိုရင်တော့ စအိုတဝိုက်မှာ ရောင်နေတာ စအိုစုတ်ပြဲတာ တွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဝမ်းအမည်းရောင် သွားပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုက်ပါရစေ။
မွန်မွန်